16 Days of activism against gender-based violence

From 16 days to 365 days

On the occasion of the “16 Days of Activism against Gender-Based Violence” campaign, Tin Zar Aung, Secretary General, Myanmar Women Journalist Society calls for an end to gender-based violence in Myanmar. She highlights the double burden the Covid-19 pandemic has had on women and lay out ten concrete recommendations for ending gender-based violence in the country.

၁၆ ရက်တာ လှုပ်ရှားမှုမှသည် ၃၆၅ ရက်ဆီသို့

The article was first published in the paper “7 Days“, 2 December 2020.

အခုတလော ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ပေါ်မှာ ပရိုဖိုင်း ပုံကို ခရမ်းရောင်လေးတွေ။ ဖဲကြိုးဖြူပုံစံလေးတွေ၊ ပြီးတော့ လိမ္မော်ရော ဖရိန်လေးတွေ ချိန်းကြတာကို သတိထားမိမယ် ထင်ပါတယ်။ ဘယ်လို အရောင်လေးတွေ ဖရိန်လေးတွေ ချိန်းချိန်း အားလုံးက ပေးချင်တဲ့ သတင်းစကားကတော့ အတူတူပါပဲ။ အဲဒါက

“ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု”    (16 Days of Activism against Gender Based Violence) ဖြစ်ပါတယ်။ အဲဒီ ၁၆ ရက်တာ လှုပ်ရှားမှုက နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၀ ရက်ထိ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လှုပ်ရှားမှု ဖြစ်ပါတယ်။ ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုလို့လည်း ခေါ်ကြပါတယ်။ ဒီ ၁၆ ရက်တာ လှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

စတင်တဲ့ရက် နိုဝင်ဘာ ၂၅ ရက်ဟာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့ (Elimination of Violence against Women Day) ဖြစ်ပါတယ်။ အဲဒီနေ့ကိုတော့ ၁၉၉၉ ခုနှစ်မှာ ကျင်းပတဲ့ ၅၄ ကြိမ်မြောက် ကုလသမ္မဂ ရဲ့ အထွေထွေညီလာခံကနေ စတင် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေ့ကို ဖဲကြိုးဖြူနေ့လို့လည်း ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ အမျိုးသမီးတွေအပေါ် အကြမ်းမဖက်ဘူး။ အကြမ်းဖက်မှု‌ေတွေကိုလည်း ဖြစ်နိုင်သမျှ ကာကွယ် တားဆီးပေးမယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် ကျွန်မတို့ ဆိုရှယ်မီဒီယာပေါ်မှာ ဖဲကြိးဖြူလေးတွေကို တွေ့မြင်နိုင်ပါတယ်။

ဒီ၁၆ ရက်တာထဲမှာ တစ်ရက် အပါအဝင် ဖြစ်တဲ့ နိဝင်ဘာ ၂၉ ရက်နေ့က တော့အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနေ့ (International Women Human Rights Defenders Day) ဖြစ်ပါတယ်။ အဲဒီနေ့ကတော့ အမျိုးသမီး လူ့အခွင့်အရေးတို့အတွက် လှုပ်ရှားသူတွေနဲ့ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီး လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများနေ့ သတ်မှတ်ပြီး ၂၀၀၆ ခုနှစ်ကနေ စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၁၆ရက်ထဲမှာ ပါဝင်တဲ့ ရက်တွေထဲမှာ  ဒီဇင်ဘာ ၁ ရက်နေ့ကတော့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့  (World AIDS Day) ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Person with Disabilities) ဖြစ်ပါတယ်။ ဒီရက်တွေထဲ ပါဝင်တဲ့ နောက်ထပ် နှစ်ရက် ရှိပါသေးတယ် ။ အဲဒါက ဒီဇင်ဘာ ၆ ရက်နေ့ နဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ဖြစ်ပါတယ်။ ဒီဇင်ဘာ  ၆ ရက်နေ့က ကနေဒါ နိုင်ငံ မွန်ထရီ မြို့ လူသတ်ပွဲ နှစ်ပတ်လည်နေ့ (Montreal Massacre Day) ဖြစ်ပါတယ်။ အဲဒီနေ့မှာ အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသူ ၁၄ ဦးကို ၁၈၉၈ ခုနှစ်က ပစ်သတ်ခဲ့တဲ့ နေ့အတွက် နှစ်ပတ်လည် နေ့ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ရက်က ဒီဇင်ဘာ ၁၀ ရက် ဖြစ်ပါတယ်။ အဲဒီနေ့က ကမ္ဘာ့လူ့အခွင့်အရေးနေ့   (Human Rights Day) ဖြစ်ပါတယ်။

အဲဒီရက်တွေ အပါအဝင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေး အတွက် ၁၆ ရက်တာ လှုပ်ရှားမှုကို ကျင်းပတာဖြစ်ပါတယ်။ ရှည်ကြာတဲ့ လှုပ်ရှားမှုလို့ခေါ်ဆိုနိုင်ပြီး ြမန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံ တော်တော်များများမှာ ပြုလုပ်ကြပါတယ်။

ဒီနှစ် ၂၀၂၀ ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်ကတော့ “Orange the World: Fund, Respond, Prevent, Collect!”  ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားနေတဲ့ အချိန်မှာ ကပ်ရောဂါကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပွားမှုနှုန်းဟာ ပိုမိုတိုးတက်လာနေတယ်ဆိုတာ စာရင်းဇယားတွေက ဆိုပါတယ်။

အဲဒါကြောင့် ဒီနှစ်ရဲ့ ဆောင်ပုဒ်က “Orange the World: Fund, Respond, Prevent, Collect!” လို့ UN Women ကဆိုထားပြီး   “ လိမ္မော်ရောင် ကမ္ဘာ။ ရံပုံငွေ၊ တုံ့ပြန်မှု၊ ကြိုတင် ကာကွယ်မှု နဲ့ စုဆောင်းမှု”လို့ ဆိုရမယ် ထင်ပါတယ်။

အဓိပ္ပါယ်တွေကို ကြည်ရအောင်ပါ။ ပထမဆုံးတစ်ခုက Fund: ရံပုံငွေ ဖြစ်ပါတယ်။ ကပ်ရောဂါ ကာလအတွင်း ဂျန်ဒါ အခြေပြု အကြမ်းဖက်မှု  ၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တွေကို ကြိုတင်ကာကွယ်ရန် အတွက် အဓိကျတဲ့ လုပ်ဆောင်မှုတွေ အတွက် ရံပုံငွေသီးသန့် ထားရှိမှု အတွက် ဖြစ်ပါတယ်။

နောက်တစ်ခုက Response: တုံ့ပြန်မှု ဖြစ်ပါတယ်။ ကပ်ရောဂါ ကာလအတွင်း ကြုံတွေရနိုင်တဲ့ အကြမ်းဖက်မှုများ အတွက် ပြန်လည် တန်ပြန်နိုင်ဖို့ ဆောင်ရွက်ထားရှိမှု ဖြစ်ပါတယ်။ ဥပမာအားဖြင့် အကြမ်းဖက် ခံရသူတွေ အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိဖို့နဲ့ ပြင်ဆင်ထားရှိဖို့ အတွက်ပဲ ဖြစ်ပါတယ်။

နောက်ထပ် တစ်ခုကPrevent: ကြိုတင်ကာကွယ်မှု ဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အနေနဲ့ ကြိုတင် ကာကွယ်ထားမှု နဲ့ အကြမ်းဖက်မှုကို လက်မခံကြောင်း အတွက် သက်ဆိုင်ရာ ဆောင်ရွက်မှုများ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုက Collect: စုဆောင်းမှု ဖြစ်ပါတယ်။ ဂျန်ဒါ အခြေပြု အကြမ်းဖက်ခြင်းများအတွက် ပေးနိုင်မယ့် ဝန်ဆောင်မှုများအတွက် အချက်အလက်များ စုဆောင်းထားမှု ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်ခံရသူများကို ဉီးစားပေး အခြေပြုမယ့် ဝန်ဆောင်မှုများ အတွက် နဲ့ ကျင့်ဝတ်ညီသော လုံခြုံရေးဆိုင်ရာ စံသတ်မှတ်ချက်များအတွက် အချက်အလက်များ ကြိုတင် စုဆောင်းမှု ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ ၂၀၂၀ ခုနှစ်ဟာ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါက ရိုက်ခတ်တဲ့ နှစ်ဖြစ်ပါတယ်။ အဲဒီအတွက် အိမ်ထဲမှာ နေရတဲ့ အချိန်တွေ များလာတယ်။ ဝင်ငွေဆိုင်ရာ ထိခိုက်မှုကို အနည်းနဲ့ အများခံရတယ်။ ကပ်ရောဂါ ကူးစက်ခံရမှု၊ ကူးစက် မခံရရင်တောင် ကူးစက်ခံရမှာ စိုးရိမ်ပူပန်မှု အစရှိသဖြင့် ပူပန် စရာတွေ များပါတယ်။ အဲဒီလို ပူပန်စရာတွေ နောက်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတတ်ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားတတ်ပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို ကိန်းဂဏန်းတွေ အရ သိရပါတယ်။  Double Pandemic  “ကပ်ရောဂါ နှစ်ဆ” လို့တောင် ဆိုပါတယ်။

အဲဒီလို အချိန်မှာ မည်သို့ပဲ အကြမ်းဖက်ဖက် အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့၊ ဖြစ်လာခဲ့ရင်လည်း အလျင်အမြန် တုံ့ပြန်နိုင်ဖို့က အရေးကြီးပါတယ်။ အကြမ်းဖက်မှု ဆိုတဲ့နေရာမှာ ရိုက်နှက်တာ၊ ဒဏ်ရာ အနာတရ ဖြစ်အောင်လုပ်တာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တစ်ခုတည်းထက်ပိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့် အကြမ်းဖက်တာ၊ စီးပွားရေး ဆိုင်ရာ အရ အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ အစရှိသဖြင့် ရှိပါတယ်။ အဲဒါတွေ အားလုံးကိုလည်း ထည့်သွင်း စဉ်းစားဖို့လည်း လိုပါတယ်။

ဒီ၁၆ ရက်တာ လှုပ်ရှားမှုဟာ အကြမ်းဖက်မှုတွေ အားလုံး ပပျောက်သွားစေဖို့ဖြစ်ပါတယ်။ ကုလသမ္မဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းတွေအရ အမျိုးသမီး သုံးဦးမှာ တစ်ဦးဟာ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင််ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားရတဲ့ အတွေ့အကြုံရှိတယ်လို့ ဆိုပါတယ်။ အများစုကတော့ ရင်းနှီးတဲ့ အတူနေသူတွေဆီက ခံရတာ ဖြစ်ပါတယ်။ အဲဒါဟာ ဘယ်လောက်ထိ ဆိုးလဲဆိုရင် နောက်ဆုံးမှာ သေစေတဲ့ အထိ ဖြစ်နိုင်တယ်လို့တောင် ဆိုထားပါတယ်။

ဒီ ၁၆ ရက်တာ လှုပ်ရှားမှုကို မြန်မာ နိုင်ငံမှာလည်း ကျင်းပပါတယ်။ ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်ကျင်းပတာ ဖြစ်ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုကို ထာဝရဖဲကြိုးဖြူ လှုပ်ရှားမှု နဲ့တွဲဖက်ပြီး လှုပ်ရှားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီ ၁၆ ရက်တာ လှုပ်ရှားမှု အတွက်   “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ ဥပဒေဖြင့် ကာကွယ်ပေး” ဟူသော ဆောင်ပုဒ်နဲ့  လှုပ်ရှားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီဆောင်ပုဒ်နဲ့ ၁၆ ရက်တာ လှုပ်ရှားမှုကို စတင်ခဲ့တာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အပေါ်အကြမ်းဖက်မှုကို ကာကွယ်ပေးဖို့ အတွက် သီးခြား ဉပဒေကို လက်ရှိ အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေကြမ်း (PoVAW) ကို ၂၀၁၃ ခုနှစ်ကတည်းက အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရေးဆွဲထားပြီး ဖြစ်ကာ အဆင့်ဆင့် ဆွေးနွေး နေဆဲ အခြေအနေ ဖြစ်ပါတယ်။ အဲဒီ ဥပဒေမူကြမ်းထဲမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှု ပုံစံ မျိုးစုံအတွက် ကာကွယ်ပေးနိုင်ဖို့ လိုအပ်ချက်တွေကို ပြဌာန်းထားပေးပြီး အကြမ်းဖက်မှု အားလုံးအတွက် အကျုံးဝင်ပါဝင်အောင် ရေးဆွဲထားပါတယ်။ အဲဒီ ဥပဒေမူကြမ်းကို ၂၀၂၀ ဇန်နဝါရီလအတွင်းမှာ အစိုးရ နိုင်ငံပိုင် သတင်းစာတွေကနေ အများပြည်သူ သိအောင် ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။ ဒါပေမယ့် ခုထိတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အကြမ်းဖက်မှုဟာ မည်သူက ပြုလုပ်သည် ဆိုခြင်းထက် အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ အကြမ်းဖက်တဲ့ အပြုအမူ ပြုလုပ်သူမှာသာ တာဝန် အပြည့် အဝ ရှိပါတယ်။ အကြမ်းဖက်မှု ရှိတဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတစ်ခုဟာ သာယာတဲ့ နေပျော်ဖွယ် ကောင်းတဲ့ နေရာ တစ်ခု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကြမ်းဖက်မှုကို တွန်းလှန်ဖို့ ကျွန်မတို့ အားလုံးမှာ တာဝန် ရှိပါတယ်။ ကိုယ်တိုင်လည်း မလုပ်ဘူး။ အကြမ်းဖက်မှုတွေကိုလည်း တတ်နိုင်သမျှ  တားဆီးကာကွယ်ဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ ၁၆ ရက်တည်း လှုပ်ရှားဖို့ မဟုတ်ပါဘူး။ ၁၆ ရက်ကနေ တစ်နှစ်ပတ်လုံး ကျင့်သုံး သွားဖို့ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ ကိုယ်တိုင် ဘာတွေ လုပ်ဆောင်သွားလို့ ရမလဲ။ ဒါကို UN Women  က ဖော်ပြထားတဲ့ အမျိုးသမီးများ အပေါ်မှာ အကြမ်းဖက်မှု ပပျောက်ရေး အထူးသဖြင့် အခုလို ကပ်ရောဂါ ကာလမှာ လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ၁၀ ခုကို ဖော်ပြပြီး ဒီစာစုကို အဆုံးသတ်လိုက်ပါရစေ။

နည်းလမ်း ၁၀ ခုကို ဖတ်ကြည့်ရအောင်ပါ။

၁။ အကြမ်းဖက်ခံရသူရဲ့ ခံစားချက်တွေကို နားထောင် ပေးဖို့ နဲ့ သူတို့ကို ယုံကြည် ပေးဖို့ ပဲ ဖြစ်ပါတယ်။

၂။ ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေကို ကျားမရေးရာအကြောင်းတွေ၊ တစ်ဦးနဲ့ တစ်ဦး လေးစားမှုတွေ၊ ပြီးတော့ လူ့အခွင့်အရေးတွေကို သင်ကြားပေးပါ။ သူတို့ဆီကလည်း ပြန်လည် သင်ယူပါ။

၃။ အကြမ်းဖက်ခံရမှုတွေ အတွက် တုံ့ပြန်မှု လုပ်ပါ။ ကူညီပေးနိုင်တဲ့ ဝန်ဆောင်မှုများ စီစဉ်ပါ။

၄။ သဘောတူညီချက်များကို နားလည်ပါ။ (ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များမှာ သဘောတူညီချက်များကို အရင်ဆုံး နားလည် ရမှာ ဖြစ်ပါတယ်။ ကျူးလွန်မှုပြီးမှာ ဝေဝါးသွားအောင် လုပ်လို့ မရပါဘူး။ အရင်ဆုံး နားလည်အောင် လုပ်ဖို့ ဖြစ်ပါတယ်.)

၅။အကြမ်းဖက်မှုပုံစံများကို သိရှိအောင် လုပ်ပါ။ ဘယ်လို ကူညီနိုင်မလဲ လေ့လာပါ။

၆။ စကားပြောဆိုမှုဖြင့် စတင်ပါ။ (အကြမ်းဖက် ခံရသူများနှင့်)

၇။ မုဒိန်းမှုနှင့် ဆက်စပ်သည့် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဘက်မှ ရပ်တည်ပါ။

၈။အမျိုးသမီးအဖွဲ့အစည်းများသို့ ရံပုံငွေ ပေးပါ။

၉။တာဝန်ခံမှု ရှိရှိဖြင့် အချင်းချင်း ပူးပေါင်းပါ။

၁၀။ အချက်အလက်များကို သိရှိအောင် လုပ်ပါ။ ပိုမို တောင်းဆိုမှုများ လုပ်ပါ။

တင်ဇာအောင်

ဆောင်းပါးရှင် တင်ဇာအောင် သည် Internews တွင် သင်တန်းဆရာမ တစ်ဦးဖြစ်ပြီး စုံလင် ကွဲပြားမှု၊ ငြိမ်းချမ်းရေး၊ ကျားမ ရေးရာစသည်တို့တွင် အထူးစိတ် ဝင်စားသူဖြစ်သည်။

The article was first published in the paper “7 Days” 2 December 2020.